ဖေဖော်ဝါရီတွင် စစ်ကောင်စီ အမည်သစ်ပြောင်းမည်
ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ စစ်ကောင်စီက ပုံစံအသစ်ဖြင့် ပြောင်းလဲသွားရန်ရှိပြီး အခြေအနေမရေရာဖြစ်မှာကို စစ်ကောင်စီတပ်ထိပ်ပိုင်းအရာရှိအချို့တွင် စိုးရိမ်မှုများဖြစ်နေသည်ဟု နေပြည်တော်ရှိသတင်းရပ်ကွက်များက မဇ္ဈိမကိုပြောသည်။
“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” ဆိုသောအဖွဲ့ကို ဇန်နဝါရီလ ၃၁ ရက်နေ့တွင်ဖျက်သိမ်းပြီး အမည်သစ်၊ အဖွဲ့သစ်ပုံစံဖွဲ့စည်းသွားရမှာဖြစ်ရာ ဖွဲ့စည်းမှုအသစ်တွင် ပါဝင်မည့်သူများလည်း အပြောင်းအလဲဖြစ်လာဖွယ်ရှိသည်။
” ဘယ်လိုဖြစ်မလဲတော့မသိဘူး။ ဒီလကုန်လို့ရှိရင် အခြေအနေတစ်ခုပြောင်းလိမ့်မယ်” ဟု စစ်တပ်၏စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သော MEC မှာ အရာရှိတစ်ဦးက ပြောသည်။ အသေးစိတ်ကိုသူက ပြောကြားရန် ငြင်းဆန်လိုက်ပြီး “Guardian government” ပုံစံဟုပြောသည်။
အခြားသော လက်ရှိစစ်ကောင်စီတပ်အကြီးတန်းအရာရှိတစ်ယောက်ကလည်း ယခုလကုန်မှစ၍ သူ့တွင်လုပ်ပိုင်ခွင့်မရှိတော့ဟု ဆိုသည်။
ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၃ ခုနှစ်တွင် စစ်တပ်ကနေပြည်တော်တွင် အာဏာသိမ်းသည်မှာ နှစ်နှစ်ပြည့်မြောက်မှာဖြစ်သည်။ ၂၀၀၈ အခြေခံဥပဒေအတိုင်း လုပ်ဆောင်ပါသည်ဟု ကြေညာထားသည့် စစ်ခေါင်းဆောင်အတွက် အာဏာသိမ်းသက်တမ်းတိုးချဲ့ခွင့်ကုန်ဆုံးသွားပြီဖြစ်ရာ ဇန်နဝါရီ ၃၁ ရက်နေ့သည် သက်တမ်းနောက်ဆုံးနေ့ဖြစ်သည်။
အဆိုပါအခြေခံဥပဒေအရ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် တိုင်းပြည်အခြေအနေကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ (ကာလုံ) ကို အစီရင်ခံတင်ပြရမှာဖြစ်ပြီး ကာလုံ၏သဘာပတိဖြစ်သူ ယာယီသမ္မတ ဦးမြင့်ဆွေက မင်းအောင်လှိုင်ထံလွှဲအပ်ထားသောအာဏာကို ရုပ်သိမ်းရမှာဖြစ်သည်။
ထို့နောက် ကာလုံကအာဏာအရှိဆုံးအဖွဲ့ဖြစ်လာပြီး ဥပဒေပြုရေးအာဏာကို ကာလုံက ကိုင်ဆွဲထားမှာဖြစ်သည်။ ကာလုံ၏ဆုံးဖြတ်ချက်ဖြင့် ဦးမြင့်ဆွေက အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကို ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်နှင့်တိုင်းအဆင့်များတွင် ခန့်အပ်ရမှာဖြစ်သည်။
ထို့နောက် ခြောက်လအကြာတွင် ရွေးကောက်ပွဲကျင်းပရမှာဖြစ်ပြီး အစိုးရအဖွဲ့သစ်ဖွဲ့စည်းပြီးသည်အထိ ကာလုံက အသက်ဝင်သည်။
တိုင်းပြည်နေရာအများအပြားတွင် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ထိန်းချုပ်ရာနယ်မြေမှာ အတော်ပင်နည်းပါးလာနေသည့်အတွက် ရွေးကောက်ပွဲကလည်းလုပ်နိုင်ခြေမရှိဘဲဖြစ်နေရာ မည်သို့ဆက်လုပ်ရမည်ဆိုသောညွှန်ကြားချက်မှာ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မပါဝင်သော အပိုင်းဖြစ်သည်။
ယာယီသမ္မတဦးမြင့်ဆွေသည် ကာလုံတွင်သဘာပတိဖြစ်နေသော်လည်း သူ့ကို မင်းအောင်လှိုင်ကပင် အရပ်သားအစိုးရလက်ထက်လွှတ်တော်တွင် အမည်စာရင်းတင်သွင်းခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အရပ်သားအစိုးရသည် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲသမာမာများပြုလုပ်ခဲ့သည်ဆိုကာ စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းခဲ့သည်ကို အခြေခံဥပဒေအရလုပ်ဆောင်သည်ဟု အကြောင်းပြသည်။
သို့သော် မဲမသမာမှုပြုလုပ်သည်ဆိုသော အထောက်အထားများ တင်ပြနိုင်ခြင်းမရှိပါ။ အာဏာသိမ်းပြီးနောက် တစ်နှစ်ပြည့်နှင့် ခြောက်လပြည့်နှစ်ကြိမ်များတွင် သက်တမ်းတိုးခွင့်ရခဲ့သည်။
crd