လှိုင်သာယာမြို့နယ်မှာ Wave Money ဝန်ထမ်း

လှိုင်သာယာမြို့နယ်မှာ Wave Money ဝန်ထမ်း လုယက်ခံရလို့ ငွေကျပ်သိန်း ၆၀ ကျော်ပါသွား
မဲခေါင်၊ ဒီဇင်ဘာ ၁၆
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ညောင်တုန်းလမ်းမဘေး၊ မကွေးလမ်းမပေါ်မှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသား၂ ဦးက Wave Money ဝန်ထမ်း တစ်ဦးထံမှ လုယက်ခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၁၆ ရက် နေ့လယ် ၂ နာရီကျော်က Wave Money ဝန်ထမ်း ဖြစ်သူ ဆိုင်ကယ် ရပ်ထားစဉ် အမျိုးသား ၂ ဦး ဆိုင်ကယ်နဲ့ အနောက်က ရောက်လာပြီး လွယ်ထားတဲ့ ကျောပိုးအိတ်ကို လုယူခဲ့တာ ဖြစ်တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“လုတဲ့ကောင်တွေက အဖွဲ့လိုက် ကြည့်နေကြတာ။ ပစ္စည်းပို့တဲ့ သူတွေ ငွေလွှဲ လုပ်တဲ့ သူတွေကို အဓိက ထားပြီး လုနေတာ။ သူ့ကိုလည်း ကြည့်နေပြီးမှ နောက်က လိုက်လာပြီး လုတာဖြစ်မယ်။ လူကို ဘာမှ လုပ်မသွားတာက ကံကောင်းတယ် ပြောရမယ်” လို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း လှိုင်သာယာမြို့နယ် အတွင်း လုယက်မှုတွေ ပိုမို ဖြစ်ပွားနေပေမယ့် တရားခံ ဖမ်းဆီးနိုင်တာ မရှိသလောက် နည်းပါးတယ်လို့ လှိုင်သာယာ အနောက်ပိုင်းမှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့ မနက်ပိုင်းကလည်း လှိုင်သာယာ အနောက်ပိုင်း ကျုံစုကျေးရွာထိပ်၊ အ.မ.က (၇) ကျောင်းရှေ့မှာ ဆိုင်ကယ် ကယ်ရီသမားကို သတ်ပြီး ဆိုင်ကယ် လုယက်မှု ဖြစ်ပွားခဲ့ပါသေးတယ်။

အလားတူ အောက်တိုဘာ ၁၂ ရက်နေ့ကလည်း ရွှေလင်ပန်း စက်မှုဇုန် မီးသတ်အဝိုင်း အနီး ပြင်စည် မင်းသားကြီးလမ်းမှာ ပစ္စည်း လိုက်ပို့တဲ့ လူငယ် တစ်ဦး လုယက် သတ်ဖြတ်ခံခဲ့ရပြီး ပြစ်မှု ကျူးလွန်သူတွေကို ဒီနေ့အချိန်ထိ ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
MK-005
#MeKongNews

crd

Leave a Reply

Your email address will not be published. Required fields are marked *