ကျိန်စာသင့်ခဲ့တဲ့ စစ်ကောင်စီရဲ့ ထိုးစစ်
By ရွှေဖီမြေ၊ ဒီဇင်ဘာ ၁၅ ရက်
ကောင်းကင်အမြင့်မှာ အမြဲတမ်းလိုလို ကင်းလှည့်နေတဲ့ စစ်ကောင်စီရဲ့ ရဟတ်ယာဥ်ကကုန်းသာကျေးရွာသားတွေအတွက် အထူးအဆန်း မဟုတ်တော့ပါဘူး။
ဒါပေမဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက် နေ့လယ်ပိုင်းမှာလာတဲ့ ရဟတ်ယာဥ်၅ စီးဟာ ကင်းလှည့် သီးသန့်မဟုတ်ဘဲ မြေပြင်အထိ ဆင်းမယ်ဆိုတာကို ရွာသားတွေ ကြိုတင်မသိခဲ့ကြပါဘူး။
ဒါကိုလည်း စစ်ကောင်စီဘက်က အငိုက်မိအောင် တမင်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ရည်ရွယ်ချက်က ကုန်းသာကျေးရွာအနီးရှိ TNLA တပ်စခန်းကို သိမ်းယူပြီး လက်နက်ရှိတယ်လို့ ယူဆရတဲ့ လက်နက်ဂိုဒေါင်ကနေ လက်နက်ယူပြီး ရဟတ်ယာဥ်နဲ့ပြန်သယ်သွားဖို့ပါ။
အဲဒါကြောင့်ပဲ စစ်ကောင်စီ လူချပေးတဲ့ ရဟတ်ယာဥ် ၅ စီးဟာ တစ်နေရာထဲမဟုတ်ဘဲ ကုန်းသာရွာနဲ့ မလှမ်းမကမ်းမှာရှိတဲ့ TNLA တပ်စခန်းကို အပိုင်စီးတဲ့ပုံစံနဲ့ ဝိုင်းပြီးနေရာယူခဲ့ကြပါတယ်။
ရဟတ်ယာဥ် တစ် စီး ကို ကုန်းသာရွာအထွက် ဘောလုံးကွင်း၊ တစ်စီးကို ကုန်းသာနဲ့ ဟူးမန်းရွာကြား၊ ၂ စီးကို ဟူးမန်းရွာထဲနဲ့ နောက်တစ်စီးကိုတော့ မန်လုံးနဲ့ ဟူးမန်းရွာကြားထဲမှာ ဖြစ်ပါတယ်။
“သူတို့ တစ်စီးကိုတော့ အနည်းဆုံး အယောက်၂ဝပါတယ်။ အိမ်အပေါ်က ကုန်းပေါ်မှာဘဲ ဆင်းလာကြတာ။ သူတို့ချက်ချင်းအိမ်တွေထဲ ဝင်ပြီးတော့ နေရာယူကြတယ်။ ရွာသားတွေကလည်း ကြောက်ပြီးတော့ ပြေးသူကပြေး။ ကျနော်တို့ကတော့ အောက်အိမ်ဘက်မှာ သွားစုနေကြတယ်” လို့ ဟူးမန်းရွာသားတစ်ဦးက ပြောပါတယ်။
ရဟတ်ယာဥ် ဆင်း တဲ့ အခြားနေရာတွေမှာ သေနတ်သံ မပေါက်သေးပေမယ့် ကုန်းသာရွာရဲ့ ဘောလုံးကွင်းမှာ ဆင်းတဲ့ ရဟတ်ယာဥ် မှာတော့ သေနတ်သံတွေ စထွက်လာပါတယ်။
“အမိန့်ကျလာတာ နဲနဲနောက်ကျသွားတယ်။ ကျနော်တို့ကလည်း ဘာမှန်းမသိတော့ မပစ်ကြဘူး။ ပစ်ဖို့ အမိန့်လည်း ကျလာရော ရဟတ်ယာဥ် ပြန်တက်သွားပြီ ချက်ကောင်းကို မထိလိုက်ဘူး” လို့ တိုက်ပွဲမှာ ပါဝင်တဲ့ TNLA တပ်သားတစ်ဦးက ပြောပါတယ်။
ကုန်းသာနဲ့ ဟူးမန်းရွာကြားက TNLA စခန်းကုန်းကို ၁ ရက်နဲ့ နေ့တစ်ပိုင်း ဝိုင်းပြီးတိုက်ခိုက်ပေမယ့် ဖြတ်ကျော်နိုင်ခြင်း မရှိတာကြောင့် ဟူးမန်းရွာဘက်က စစ်ကောင်စီ တပ်သားတွေဟာ တောင်အောက်ကနေဖြတ်ပြီး ကုန်းသာရွာက စစ်သားတွေနဲ့ သွားရောက်ပူးပေါင်းဖို့ လုပ်ပါတယ်။
သွားရောက်ပူးပေါင်းချိန်မှာ တောင်အောက်ကနေ တက်လာတဲ့ TNLA ကွန်မန်ဒိုတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့လို့ စစ်ကောင်စီဘက်က ဂျက်လေယာဥ် နဲ့ လည်း စစ်ကူပေးခဲ့ရပါတယ်။
နောက်ဆုံးမှာတော့ အသက်ရှင် ကျန်ခဲ့တဲ့ စစ်ကောင်စီ တပ်သားတွေဟာ ကုန်းသာရွာ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ သူတို့တပ်သားတွေနဲ့ သွားရောက် ပူးပေါင်းနိုင်ခဲ့ပါတယ်။
အဲဒီအချိန်မှာ ကုန်းသာရွာသားတွေလည်း တောကြိုတောင်ကြားတွေထဲ ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်ကြပြီး စစ်ကောင်စီတပ်ဖွဲ့ကို TNLA ဘက်က တန်ပြန်ထိုးစစ်နဲ့ တိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီက ကျေးရွာသား ၄ ဦးကို ဘုန်းကြီးကျောင်းမှာ ဓားစာခံ လုပ်ထားပြီး နောက်ထပ် ၄ ဦးကိုလည်း စာသင်ကျောင်းမှာ ဓားစာခံအဖြစ် လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဓားစာခံလုပ်ခံခဲ့ရတဲ့ အသက် ၆၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကွန့်မန်ကတော့ စာသင်ကျောင်းမှာ စစ်ကောင်စီတွေနဲ့အတူ ၁ ည အိပ်ခဲ့ရသူဖြစ်ပါတယ်။ “ကျနော်က အိမ်ထဲ ပုန်းနေတာ။ သူတို့က ရောက်လာပြီး အပေါ်လိုက်ခဲ့တဲ့။ ကျနော်တို့ ညီအစ်ကို ၂ ယောက်ကို ခေါ်သွားတာ။ အပေါ်လည်းရောက်ကော မိန်းကလေးတစ်ယောက်လည်းပါတယ်။ သူတို့က ပလောင်စစ်သားလက်နက် ဘယ်မှာလဲမေးတာ ကျနော်က မသိဘူးပြောတော့ ၃ ချက် ကန်ခံရတယ်။ ညကော မနက်ကော ထမင်းလည်း မစားရဘူး။ ခေါက်ဆွဲခြောက်ပဲကျွေးတာ။ မနက်ကျတော့ တိုက်ပွဲက တအားဖြစ်နေတော့ ကျည်ဆံကြားကနေပဲ တောင်အောက်ဘက်ကို ပြေးဆင်းလိုက်တာ” လို့ ရွှေဖီမြေသို့ ပြောပါတယ်။
ဓားစာခံ လုပ်ခံရသူတွေအားလုံးဟာ တိုက်ပွဲ ဖြစ်နေစဥ် အ တွင်း ရွာအောက်က ခြုံတွေထဲကို ခုန်ဆင်းပြေးကြတဲ့အတွက် အကုန်ပြန်လည်လွှတ်မြောက်လာကြပါတယ်။ ကုန်းသာရွာအနီး ၄ ရက်တာ ပြင်းထန်တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ဂျက်လေယာဥ် နဲ့ ရဟပ်ယာ် ၂ဝ စီးထက်မနည်း လာရောက်တိုက်ခိုက်ခဲ့ပါတယ်။
နောက်ဆုံးမှာတော့ စစ်ကောင်စီဟာ စာသင်ကျောင်းနေရာကနေ ဖယ်ပေးလိုက်ရပြီး ဘုန်းကြီးကျောင်းမှာပဲ စုစည်းနေထိုင်ခဲ့ရပါတယ်။ စာသင်ကျောင်းနေရာကို တက်ယူဖို့ လုပ်ချိန်မှာ ဂျက်လေယာဥ် နဲ့ စာသင်ကျောင်းသို့ ကြဲချလိုက်တဲ့ လက်နက်ကြီးကြောင့် TNLA ဘက်က တပ်သားအချို့ ထိခိုက်ကျဆုံးတာ ရှိတယ်လို့ မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ တပ်သားတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ရဟတ်ယာဥ္နဲ့ လူချစဥ် က တည်းက TNLA က လျှို့ဝှက်သိမ်းဆည်းထားတဲ့ လက်နက်အချို့ကို သိမ်းဆည်းရမိတာကြောင့် စစ်ကောင်စီဟာ လက်နက်ခဲယမ်း အလုံအလောက်နဲ့ ရက်သတ္တပတ်ကြာအောင် တောင့်ခံနိုင်ခဲ့ပါတယ်။
မည်သို့ပင်ဆိုစေကာမူ နယ်မြေကျွမ်းကျင်မှုအရ စစ်ပွဲမှာ TNLA က အသာစီးရခဲ့ပြီး လေကြောင်းမပါရင် အကုန်လုံးကို အရှင်ဖမ်းနိုင်တဲ့ အခြေအနေ ရှိခဲ့တယ်လို့ တပ်သားတွေက ပြောပါတယ်။
“သူတို့ကို ကျနော်တို့က လှမ်းမြင်နေရတယ်။ သူတို့က လက်နက်တွေ လျှောက်ဖြုန်းနေတာ။ လက်ပစ်ဗုံးတွေဆိုရင် သူတို့ဘုန်းကြီးကျောင်းထဲ ခွဲပစ်တာ။ ကျည်ဆံတွေ၊ လက်နက်ကြီးတွေ သူတို့သိမ်းမိထားတဲ့ဟာ မသယ်နိုင်မှန်းသိတော့ အကုန်လျှောက်ခွဲပစ်လိုက်တာ။ လေယာဥ်က လာရှုပ်နေလို့။ မဟုတ်ရင် အကုန်လုံးရတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ သူတို့ရရှိထားတဲ့ လက်နက်တွေနဲ့အတူ ရဟတ်ယာဥ် နဲ့ လာသယ်ဖို့ လုပ်ပေမယ့် နောက်ဆုံးမှာတော့ သူတို့လူကိုပင် ပြန်ကယ်ထုတ်မရတဲ့အခြေအနေထိ ရောက်ခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ၆ ရက်အတွင်းမှာ စစ်ကောင်စီဘက်က M13၊ M35 ဂျက်ဖိုက်တာ၊ ရဟတ်ယာဥ် ၄ဝ စီးကျော်နဲ့ ဗုံးကြဲတိုက်ခိုက်ပြီး သူတို့လူကို ကယ်ခဲ့ပေမယ့် စစ်ကောင်စီဘက်က သေဆုံးမှုတွေ များခဲ့ပါတယ်။
ဒါ့အပြင် နမ့်ဆန်နဲ့ မန်တုံမြို့ရှိ တပ်စခန်းကနေလည်း ၁၀၅ မမ၊၁၂၀ မမတွေနဲ့ အချက်ပေါင်းများစွာ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ကုန်းသာရွာကနေ မိုးမိတ်ဘက်ကို ပြန်ဆုတ်ဖို့လုပ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ကို TNLA က လိုက်လံရှင်းလင်းချိန် စစ်ကောင်စီအလောင်း ၁၅ လောင်းထက်မနည်းကို တွေ့ရှိခဲ့တယ်လို့ တပ်သားတွေဆီကနေ ရွှေဖီမြေက အချက်အလက် ရရှိထားပြီး အသေးစိတ်တော့ မသိရသေးပါဘူး။
အဲဒီအထဲမှာ အရှင်ဖမ်းမိသူတွေလည်း ရှိနေပြီး ရွှေဖီမြေကတော့ ၂ ဦးသာအတည်ပြုနိုင်ထားပြီး ကျန်တာတွေတော့ အတည်မပြုနိုင်သေးသလို TNLA ဘက်ကလည်း မထုတ်ပြန်ထားသေးပါဘူး။
စစ်ကောင်စီရဲ့ ဂျက်လေယာဥ် တိုက်ခိုက်မှုကြောင့် TNLA ဘက်ကလည်း အထိအခိုက်ရှိခဲ့ပြီး စာရင်းအသေးစိတ်ကိုတော့ မရပါဘူး။ စစ်ကောင်စီဘက်က ယူဆောင်သွားပြီး ဖျက်ဆီးလိုက်တဲ့ TNLA ရဲ့ လက်နက်အချက်အလက် အသေးစိတ်ကိုလည်း ရွှေဖီမြေအနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို TNLA ဘက်ကလည်း ထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။
ဒီဇင်ဘာ ၁၄ ရက် မနက်မှာတော့ ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ မိုးမိတ်ဘက်ကနေ ကူဖို့တက်လာတဲ့ စစ်ကူတွေနဲ့ ချိတ်ဆက်မိသွားပြီး လွတ်မြောက်သွားပေမယ့် ဘယ်နှစ်ဦး အသက်ရှင်ကျန်ခဲ့လဲဆိုတာကို မသိရပါဘူး။
နိုင်ငံအနှံ့အပြားက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ TNLA ကို ထိုးစစ်ဆင်ချိန်မှာတော့ ကျိန်စာသင့်ခဲ့ရတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
#ဓာတ်ပုံ- TNLA, Local