နေအိမ်များ ဖယ်ရှားပေးရန် ညွှန်ကြားထားသည့် မင်္ဂလာဒုံ ပျဉ်းမပင်စက်မှုဇုန်တွင် လူ ၂ ဦး ကြိုးဆွဲချသေဆုံး
ဂန္ဒမာ
ရန်ကုန်(မဇ္ဈိမ)။ ။ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင် စစ်ကောင်စီတပ်များက ပျဉ်းမပင်စက်မှုဇုန်အတွင်းရှိ အိမ်များ ဖယ်ရှားပေးရန် ဖိအားပေးညွှန်ကြားရာမှ အိမ်ပိုင်ရှင်နှစ်ဦး ကြိုဆွဲချသေဆုံးမှု ဖြစ်ပွါးခဲ့ကြောင်း ဒေသခံထံက သိရသည်။
“ကြိုးဆွဲချသေတာ နှစ်ယောက်။ မြဝတီစိုက်ခင်းကတစ်ယောက်၊ မြဲမြန်အောင်က တစ်ယောက်။အဆုံးစီရင်သွားတာ” ဟု သတင်းရင်းမြစ်က ပြောသည်။
မြဝတီရပ်ကွက်ရှိ အမျိုးသားတစ်ဦးသည် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်ပြီး၊ မြဲမြန်အောင်ရပ်ကွက်က အမျိုးသမီးတစ်ဦးသည် ယမန်နေ့ နိုဝင်ဘာလ ၂၁ ရက် နံနက်အစောပိုင်းက ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း သိရသည်။
ထိုသို့ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က လာရောက်ကြည့်ရှုကာ လူသေဆုံးမှုကိုသာ လာရောက်စစ်ဆေးခြင်းဖြစ်ကြောင်း ပြောသည်။
စစ်ကောင်စီတပ်က အဆိုပါရပ်ကွက်အတွင်းရှိ နေအိမ်များကို နိုဝင်ဘာလ ၁၈ ရက်နောက်ဆုံးထား၍ ဖျက်သိမ်းဖယ်ရှားခိုင်းထားပြီး နောက်ထပ် ရက်ထပ်တိုးကာ နိုဝင်ဘာလ ၂၂ ရက်နေ့မတိုင်မီ သတ်မှတ်ရက်အတွင်း ဖယ်ရှားခိုင်းသည်ဟု သိရသည်။
“မနေ့ကတော့တစ်ခါလိုက်အော်တယ်။ ညီမတို့လမ်းက မိန်းလမ်းဖြစ်တဲ့အတွက် ညီမတို့လမ်းကိုပဲလာအော်သွားတယ်။ တခြားလမ်းတွေတော့မအော်ဘူး။ ဒီနေ့တပ်စွဲမယ်လို့တော့ကြားတယ်။ ခုထိတော့ဘာမှမထူးသေးဘူး”ဟု ပျဉ်းမပင်ကျေးရွာအုပ်စုရှိ ရပ်ကွက်အခြေအနေများကိုမေးမြန်းရာ ဒေသခံတစ်ဦးက ပြောပြသည်။
နေအိမ်အများစုက အိမ်ကြီးအိမ်ကောင်းများဖြစ်ပြီး ကျူးကျော်ရပ်ကွက်များမဟုတ်ကြောင်း၊ နေအိမ်များ ဖျက်၍ပြောင်းရွှေ့ကြရန်ပြုလုပ်နေကြသူများရှိပြီး မဖျက်ရသေးသည့် နေအိမ်များလည်း ရှိနေသေးသည်ဟု ၎င်းကပြောသည်။
အဆိုပါ ပျဉ်းမပင်ကျေးရွာအုပ်စုအတွင်းရှိ ရပ်ကွက် ငါးခုမှ အိမ်ထောင်စု ၁၀,၀၀၀ ဝန်းကျင်ခန့်ကို ပျဉ်းမပင် စက်မှုဇုန်ဧရိယာ ၅၆၀.၀၆ ဧကခန့်ရှိ မြေပေါ်တွင် ခွင့်ပြုချက်မဲ့ ဆောက်လုပ်နေထိုင်လျက်ရှိသော အဆောက်အအုံများအဖြစ်သတ်မှတ်၍ နိုဝင်ဘာလ ၁၀ ရက်နှင့် ၁၁ ရက်က စာထုတ်ကာ ဖယ်ရှားခိုင်းခြင်းဖြစ်သည်။
ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေအတွင်းရှိ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းနှင့် သာသနိက အဆောက်အအုံများကိုလည်း ဖယ်ရှားရှင်းလင်းရန် နိုဝင်ဘာလ ၂၀ ရက်နေ့က ထပ်မံစာထုတ်၍ အကြောင်းကြားထားသည်ဟု သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး
crd