ချင်းပြည်နယ် ရဲ့ နယ်မြေ ၇၀% ထိန်းချုပ်ထားနိုင်ပြီ ဟု CNF ပြောရေးဆိုခွင့်ရှိသူ ပြော

ချင်းပြည်နယ်၏ နယ်မြေ ၇၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား လုံး၀နီးပါးပျက်သုဥ်းနေပြီဟု CNF ပြောရေးဆိုခွင့်ရှိသူ ပြော

မဇ္ဈိမ

ချင်းပြည်နယ်၏ နယ်မြေ ၇၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား လုံး၀နီးပါး ပျက်သုန်းနေပြီဟု CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ခိုနူမ်းသုန်သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားသည်။

“၁၀၀ မှာ ၇၀က ကျနော်တို့ဘက်က စိုးမိုးထားနိုင်တယ်။ ထိန်းချုပ်ထားနိုင်တယ်လို့ ကျနော်ပြောခဲ့ပြီးပြီ အခုက သူတို့က ကိုးမြို့နယ်က မြို့ပေါ်မှာပဲ စိုးမိုးထားနိုင်တယ်လို့ ပြောလို့ရတာပေါ့။ မြို့ပေါ်ဆိုတဲ့ နေရာမှာလည်း ကျနော်တို့က မြို့ထဲထိကို၊ ဥပမာ ချင်းပြည်နယ်မြို့တော်က ဟားခါးပေါ့နော်၊ ဟားခါးမှာလည်း နေစဉ်လိုလို တိုက်ပွဲတွေဖြစ်တာ အဲ့ဒါကတော့ သူတို့က စိုးမိုးသလား ပြည်သူကသိတာပေါ့နော်။

ပြီးတော့ သူတို့ရဲ့ အုပ်ချုပ်ရေးလုပ်တဲ့ ပုံစံကလည်း ကျနော်တို့လေ့လာရသလောက် သူတို့ရဲ့ဌာနဆိုင်ရာတွေဆိုတာကလည်း သူဟာသူ ရုံးတက်တယ်။ သူဟာသူ အိမ်ကနေရုံးတက်တာတွေရှိတယ်။ ရုံးကိုမသွားနိုင်ဘူး မသွားရဲဘူး အနေထားတွေ ရှိတယ်။ သူတို့ဝန်ထမ်းတွေရဲ့ လုံခြုံရေးတောင်မှ မယူနိုင်ဘူးပေါ့၊ အဲ့သလိုအနေထားမှာရှိတယ်။အဲ့ဒါကြောင့် သူရဲ့ အုပ်ချုပ်ရေး ယန္တရားဆိုတာကလည်း လုံးဝနီးနီး ပျက်သုဉ်းနေလို့ မလည်ပတ်နိုင်ဘူးလို့ ပြောလို့ရပါတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲမှာ ချင်းပြည်နယ်တွင် အောင်မြင်မည် မဟုတ်ဟု ဆလိုင်း ထက်နီက ဆိုသည်။“သူရွေးကောက်ပွဲလုပ်မယ်ဆိုတာက အဓိကတော့ နိုင်ငံတကာက အသိမှတ်ပြုမှု၊ တရားဝင်မှုရအောင် ပြည်သူကိုအသုံးချတာ။ အမှန်ဆိုရင်တော့ ခုနကျွန်တော်ပြောသလို တစ်ရာမှာ ခုနစ်ဆယ်ကတော့ ကျွန်တော်တို့က စိုးမိုးထားတာ၊ အဲ့ဒီနေရာကတော့ လုပ်နိုင်မှာမဟုတ်ဘူး။

ဒါပေမဲ့ သူ့အကျင့်ကသိတဲ့အတိုင်းပေါ့ ၊ မြို့ပေါ်မှာ မဲဆန္ဒတစ်ခုမှာ မဲထည့်ခိုင်း၊ မြို့ပေါ်မှာ မဲထည့်ခိုင်း၊ အဲ့တာတွေ လျှောက်ပြန်လုပ်မှာပဲ၊ သူက မဲ ၁၀ဦးပဲထည့်ထည့် ၂၀ဦးပဲ ထည့်ထည့် သုံးလေးရာထည့်တယ် လျှေက်ပြီးတော့ ပြန်ပြီးတော့လိမ်မှာပဲ။ ချင်းပြည်နယ်မှာတော့ ရွေးကောက်ပွဲကတော့ လုံးဝကောင်းမှာ မဟုတ်ဘူး လုပ်လို့ရမှာ မဟုတ်ဘူး အသိမှတ်ပြုမှာမဟုတ်ဘူး၊ ဒီရွေးကောက်ပွဲကိုလည်း အသိမှတ်မပြုဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူက ၂၀၀၈ ဖွဲ့စည်းပုံ အောက်ကနေလုပ်မှာ ငါတို့က ၂၀၀၈ ဖွဲ့စည်းပုံ ရုပ်သိမ်းပြီးသား၊ ဖျက်သိမ်းပြီးသားဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီရွေးကောက်ပွဲကတော့ ချင်းတောင်မှာတော့ အောင်မြင်မှာမဟုတ်ဘူး” ဟု ဆလိုင်းထက်နီက ပြောသည်။

တူမီးများ ကိုင်ကာ စစ်အာဏာရှင်ကို အစောဆုံးတော်လှန်သည့် ဒေသတွင် တစ်ခုအပါအ၀င်ဖြစ်သည့် ချင်းပြည်နယ်တွင် စစ်ကောင်စီအား ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) တို့အကြား တိုက်ပွဲများ ဖြစ်ပွားလာသည်မှာ တစ်နှစ်ခွဲကျော်လာပြီဖြစ်သည်။

ယင်းကာလအတွင်း ချင်းပြည်နယ်၏ မြို့တော်များမှတစ်ဆင့် ကျေးလက်ဒေသများကို စစ်ကောင်စီက စိုးမိုးနိုင်ရန် စစ်ကြောင်းများထွက်သော်လည်း ကာကွယ်ရေးတပ်ဖွဲ့များက မြို့ထဲက မထွက်ရန် ထိန်းချုပ်ထား နိုင်သည်ဟု ဆလိုင်းထက်နီက ဆိုသည်။

“ဟိုအရင်ဖြစ်တဲ့ပုံစံကတော့ ချင်းပြည်နယ်မှာအထိုင်တပ်ဆိုတာရှိတယ်။ ဟိုမြေပြန့်ကနေ တက်လာတဲ့ဟာတွေ အလုံးအရင်းနဲ့ တက်လာတဲ့ဟာပေါ့။ တစ်နှစ်ကျော်အကြာမှာ သူတို့ရဲ့လုပ်ရှားတဲ့ပုံစံကတော့ နယ်မြေစိုးမိုးရေး အကြောင်းပြပြီးတော့ ကျေးလက်ဒေသတွေကို နယ်မြေစစ်ဆင်ရေးတွေ နယ်မြေစိုးမိုးရေးအတွက် လုပ်လာတာတွေတော့ ရှိတာပေါ့နော်။ ဒါပေမယ့် ကျနော်တို့ဘက်က မြို့ပြင်ကိုမထွက်နိုင်အောင် ထိန်းထားတာပေါ့၊ ဒီနေ့အထိ နယ်မြေစိုးမိုးရေးဆိုပြီးတော့ ချင်းပြည်နယ် ကျေးလက်ဒေသတွေကို ထိုးစစ်ဆင် လာဖို့လုပ်ပေမယ့် သူတို့အနေနဲ့ ရှေ့ဆက်မတိုးလာနိုင်တဲ့အခြေအနေတော့ရှိတာပေါ့” ဟု ဆလိုင်းထက်နီက ပြောသည်။

စစ်ကောင်စီက နောက်ပိုင်းတိုက်ပွဲများတွင် လက်နက်ကြီးအသုံးပြုမှု ပိုမိုများပြားလာပြီး ပွင့်လင်းရာသီ ရောက်လာသဖြင့် လေယာဉ်ကိုပါ အသုံးပြုနိုင်ကြောင်း၊ ယင်းအတွက်လည်း ကြိုတင်ပြင်ဆင်ထားသည်ဟု ဆလိုင်းထက်နီက ပြောသည်။

“သူတို့က လက်နက်ကြီးပဲ ပိုပြီးတော့သုံးလာတယ် အစကတော့ အဲလိုမဟုတ်ဘူး၊ ကျနော်တို့က အနီးကပ်နဲ့ ပေ ၂၀၊ ၁၅ ပေ အဲလိုနဲ့ ချတာကိုး အခုက အဲလိုအနေအထား မရောက်နိုင်တော့ဘူး၊ လက်နက်ကြီးက ပိုသုံးလာတယ် သို့သော် ပွင့်လင်းရာသီရောက်ပြီဆိုတော့ သူတို့က ဂျက်ဖိုက်တာတွေပေါ့နော် လုပ်လေ့ရှိတယ်၊ ပြီးခဲ့တဲ့ အင်္ဂါနေ့ကပဲ ကင်းထေက် လေယာဉ် ကျနော်တို့အပေါ်ကို လာဝဲတာပေါ့နော်၊ လေယာဉ်က ပိုပြီးတော့အသုံးပြုလာနိုင်တဲ့အလား အလာတော့ ရှိတာပေါ့၊ မြေပြင်ကနေ သူတို့က အင်အားလျှော့သွားသလား ပေါ့နော်၊ အဲလိုပြောလို့ရပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

စစ်ကောင်စီ၏ အနေအထားမှာ ဘက်ပေါင်းစုံ ချွတ်ခြုံကျနေပြီဖြစ်ပြီး တော်လှန်ရေးအဖွဲ့များက အားသစ်လောင်းကာ အရေးတော်ပုံအောင်မြင်သည်အထိ ဆက်လက်လျှောက်လှမ်းနိုင်နေသည်ဟု ဆလိုင်း ထက်နီက ပြောသည်။

“စစ်ကောင်စီကတော့ သူ့မှာရွေးစရာလမ်း မရှိတော့ဘူး။ အဆုံးစွန်ထိ သူကသွားဖို့ပြင်ဆင်နေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မိုက်မိုက်ကမ်းကမ်းနဲ့ သူကလုပ်မှာပေါ့။ သူလုပ်လေလုပ်လေ မြုပ်လေပဲ၊ ဆက်လှုပ်လေ နစ်လေဖြစ်သွားမှာပဲ” ဟု ဆလိုင်းထက်နီက ပြောသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

Leave a Reply

Your email address will not be published. Required fields are marked *