စကစ ရဲ့ (၅၀၅) ရုပ်ရှင် သို့မဟုက် သမိုင်းလိမ်

အကြမ်းဖက်စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အမှုရုတ်သိမ်းကြောင်း ထုတ်ပြန်ကြေညာသည့် အနုပညာရှင်(၁၁)ဦး စာရင်းတွင် ပါဝင်သော အနုပညာရှင်အချို့မှာ ယခင်က ပုဒ်မ(၅၀၅)တပ်၍ တရားစွဲဆိုခံခဲ့ရခြင်း ရှိ၊ မရှိကို ပြန်လည် စိစစ်ကြည့်ချင်စရာ ကောင်းလှသည်။

အကြောင်းမှာ အနုပညာရှင်အချို့က ဓမ္မဘက်က ပြည်သူနှင့်အတူ ရပ်တည်သဖြင့် အကျဉ်းကျခံကြရသည်။ အချို့မှာ မိသားစုနှင့် ဝေးရာ ထွက်ပြေးတိမ်းရှောင်ကြရသည်။ ဘဝတွေ အပျက်ခံကြပြီး သူတို့ ဂုဏ်သိက္ခာနှင့် သမိုင်းကို မှတ်ကျောက်အတင်ခံကြသည်။“တကယ်မပါခဲ့တဲ့သူတွေကို ပါခဲ့သယောင်လုပ်လိုက်တာက တကယ်စွန့်လွှတ်ပြီး ပါခဲ့တဲ့ အနုပညာရှင်တွေနဲ့ တန်းညှိလိုက်သလိုပဲ၊ သမိုင်းက လိမ်လို့ရသလို ဖြစ်သွားမယ်”ဟု အနုပညာရှင် အသိုင်းအဝိုင်းနှင့် နီးစပ်သူတဦးက ဆိုသည်။

၂၀၂၁ ခုနှစ်၊ ဧပြီလဆန်းပိုင်း စတင်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး CDM လှုပ်ရှားမှုတွင် ပါဝင်ရန် စည်းရုံးခဲ့ကြသည့် ထင်ရှားသော အနုပညာရှင်များနှင့် လူမှုကွန်ယက်မီဒီယာများတွင် ကျော်ကြားသူများကို အကြမ်းဖက်စစ်ကောင်စီက ပုဒ်မ(၅၀၅)နှင့် တရားစွဲဆိုကြောင်း တနေ့လျှင် (၂၀)ဦးခန့် ထုတ်ပြန်ကြေညာခဲ့သည်။

အစရက်ပိုင်း အနည်းငယ်ခန့်တွင် အများပြည်သူက စောင့်ကြည့်ခဲ့သော်လည်း နောက်ပိုင်းတွင် မည်သူမျှ စိတ်ဝင်တစား အာရုံမစိုက်ကြတော့ပေ။

ပုဒ်မ(၅၀၅) နှင့် တရားစွဲဆို ထုတ်ပြန်အပြီး မကြာမီတွင် နာမည်ကြီး အနုပညာရှင်အချို့ပါ မတရားသဖြင့် ဖမ်းဆီးခံရအပြီးတွင် စစ်အာဏာရှင်ဆန့်ကျင့်ရေးလှုပ်ရှားမှုများ၌ အများပြည်သူက သတိထားမိသည့် အနုပညာရှင်အချို့ပါ ငြိမ်သက်သွားကြသည်။ရပ်တည်ချက် မခိုင်မာသည့် အချို့ကမူ စစ်တပ်ကို ထောက်ခံသည့် အဆိုတော်ယုန်လေး အပါအဝင် ကြားပွဲစား အချို့နှင့် ဆက်သွယ်ပြီး ခံဝန်ရေးထိုး၍ ငြိမ်နေလိုက်ကြခြင်း ဖြစ်သည်။

“နီနီခင်ဇော် ပါ မပါ မသေချာဘူး၊ နန်းခင်ဇေယျာ ပါ မပါလည်း သတိမထားမိလိုက်ဘူး”အကြမ်းဖက် စကစ ၏ အမှုရုတ်သိမ်းခံရသူအနက်မှ အနုညာရှင်အချို့နဲ့ ပတ်သက်ပြီး ယခင်က ပုဒ်မ ၅၀၅ ထုတ်ပြန်ခံရသည့်စာရင်းတွင် ပါ၊ မပါ မေးမြန်းကြည့်ရာတွင် မည်သူကမျှ အထောက်အထား အခိုင်အမာပြ၍ အတည်မပြုနိုင်သည်ကို တွေ့ရသည်။

ယခုအခါ တော်လှန်ရေးကိုသာ အဓိက အာရုံစိုက်ခဲ့ကြသည့် ပြည်သူများမှာ ရပ်တည်ချက် ခိုင်မာပြီး စဉ်ဆက်မပြတ် ပြည်သူနှင့်အတူ ရရာကဏ္ဍမှ တော်လှန်လျက်ရှိသည့် ထင်ရှားကျော်ကြားလှသော အနုပညာရှင် အချို့၏ ပုဒ်မ(၅၀၅) မှတ်တမ်းကိုသာ သတိထားမိနိုင်ကြတော့သည်။

စစ်ကောင်စီမှ ပုဒ်မ(၅၀၅) တပ်၍ တရားစွဲဆိုခြင်းခံခဲ့ရသည်မှာ မှန်ကန်နေသည့်တိုင် အမှုရုတ်သိမ်းသည့်စာရင်းထဲတွင် ပါဝင်ကြသော အနုပညာအချို့မှာ အဖမ်းအဆီးမခံကြရဘဲ ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေကြသည်ကို ၎င်းတို့၏ Facebook Page များမှတဆင့် အလွယ်တကူ သိရှိရသည်။

“၅၀၅ ပါခဲ့တာ မပါခဲ့တာက ထားဗျာ၊ သူတို့တွေ လွတ်လွတ်လပ်လပ်နဲ့ သူတို့အလုပ် သူတို့လုပ်နေတာ၊ လုပ်လည်း လုပ်ပြနေတာ အားလုံးအသိပဲ၊ ဒီလူတွေကို အမှုရုတ်သိမ်းပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ်ဆိုတော့ စကစ ရဲ့ နိုင်ငံတော်အဆင့် ဇာတ်ညွှန်းက မစုတ်ပြတ်လွန်းဘူးလား”ဟု လူငယ်တဦးက ဆိုသည်။

အဆိုတော် နီနီခင်ဇော် မှာ ပြီးခဲ့သည့် (၅)လခန့်အကြာက ကမ်းခြေတခုတွင် Rhythm of the Ocean Program 2022 ဆိုသော ဖျော်ဖြေရေးအစီအစဉ်တခုကို Digital Media များပေါ် ထုတ်လွှင့်ခဲ့ခြင်းကြောင့် ပြည်သူများ၏ ပြင်းထန်စွာ ဝေဖန်ပြစ်တင် ရှုတ်ချမှုကို ခံခဲ့ရသည်။သရုပ်ဆောင် နန်းခင်ဇေယျာ သည်လည်း ပြီးခဲ့သော တန်ဆောင်မုန်းလပြည့်နေ့တွင် ကားပေါ်မှ လွတ်လပ်ပျော်ရွှင်စွာ ငွေလှူဒါန်းနေသော ရုပ်သံမှတ်တမ်းတိုကို သူမ၏ လူမှုကွန်ယက်စာမျက်နှာ၌ မျှဝေထားသည်ကို တွေ့ရသည်။

ထို့အတူ သဇင်ထူးမြင့် သည်လည်း အညာမြေရဲ့ အညာသူဆိုင်တွင် မည်သည့်အချိန်၌ သူမ ဆိုင်ထိုင်ကြောင်း Facebook Page မှ တဆင့် ပရိသတ်များကို မကြာခဏ အသိပေးကြော်ငြာလေ့ရှိသည်။နာမည်ကြီး သရုပ်ဆောင် ဖွေးဖွေး ကလည်း နိုဝင်ဘာ(၄)ရက်က ရုံတင်သည့် သူမ ပါဝင်သရုပ်ဆောင်ထားသော ရုပ်ရှင်ဇာတ်ကားတခုကို

တဆင့် ပြန်လည်မျှဝေပြီး “ရယ်စရာ ရှိ ရယ်ကြ၊ အားလုံးပင်ပန်းနေကြပြီ” ဟု မှတ်ချက်ရေးသားထားသည်။ “အဲဒီ(၁၁)ဦးထဲမှာ အစကတည်းက တော်လှန်ရေးပြီးသွားသလိုလို၊ ပုံမှန်လည်ပတ်နေသလိုလိုနဲ့ ပြည်သူတွေကို ဆိုရှယ်မီဒီယာကတဆင့် ပုံမှားရိုက်ပြနေသူတွေ၊ အိုးမကွာ အိမ်မကွာဘဲ သူတို့အလုပ်ကို သူတို့ လွတ်လွတ်လပ်လပ်လုပ်နေတဲ့သူတွေပါတယ်၊ဒီလိုလူတွေကို ရောထည့်ပြီး အားလုံးအာရုံစိုက်ခံရတဲ့အချိန်မှာ အမှုရုတ်သိမ်းကြောင်း ကြေညာပြတာက စကစ က သူတို့လူ ပုံရိပ်ကို လျှော်ဖွတ်ပေးလိုက်တာ၊ လူထုထောက်ခံမှု တချိန် ပြန်ရအောင်လို့ မြင်ပါတယ်၊ နောက်ဆို စိုးမြတ်သူဇာ ကြီးပါ ထည့်ကြေညာမလား မသိဘူး၊

နိုင်ငံတကာကိုတော့ နာမည်ကြီးအနုပညာရှင်တွေကိုပါ အမှုရုတ်သိမ်းပေးတယ်ပေါ့၊ ဒါပေမဲ့ ဘာမှ အဓိပ္ပါယ်မရှိဘူး၊ စကစ က ရုပ်ရုင်ရိုက်လိုက်တာပေ့ါဗျာ ”ဟု ၎င်းက ဆက်လက် ဆိုသည်။နိုဝင်ဘာ(၁၇)ရက် နံနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီက ၅၀၅(က)နှင့် တရားစွဲဆိုထားခြင်းမှ အမှုပိတ်သိမ်းပေးခဲ့သော အနုပညာရှင်(၁၁)ဦးစာရင်းမှာ ဘုဏ်းသိုက်၊ ဖွေးဖွေး၊ ဟေမာန်သူသူအောင်၊ မယ်မင်းဘုံ၊ ဆုမွန်၊ နီနီခင်ဇော်၊ သီဟဖြိုး၊ ယွန်းဝတီလွင်မိုး၊ သဇင်ထူးမြင့်၊ ထက်ထက်ထွန်း၊ နန်းခင်ဇေယျာ တို့ ဖြစ်ကြသည်။

crd

Leave a Reply

Your email address will not be published. Required fields are marked *