မျက်နှာကို တံတွေးဖြင့် ထွေးသည့်အိမ်ရှင်ကို မြန်မာအိမ်ဖော်အမျိုးသမီးမှ seemore

စင်္ကာပူနိုင်ငံတွင် အသက် ၉၅ နှစ်ရှိ အလုပ်ရှင်အမျိုးသမီးကြီးကို ဓားဖြင့် ထိုးသတ်မှုဖြင့် မြန်မာအိမ်အကူ အမျိုးသမီးတစ်ဦး ထောင်ဒဏ် ၁၆ နှစ် ချမှတ်ခံရကြောင်း သိရသည်။

မစန္ဒာထူး အမည်ရှိ မြန်မာအိမ်အကူ အမျိုးသမီးသည် သူမ၏ အလုပ်ရှင် ဖြစ်သည့် မဒမ် အန် ပက်ချိုင်းကို ဓားဖြင့် ထိုးသတ်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။ အခင်းဖြစ်ပွားသည့် မနက်ပိုင်းက အလုပ်ရှင်ဖြစ်သူက သူမ၏ မျက်နှာကို တံတွေးဖြင့် ထွေးခဲ့သဖြင့် မစန္ဒာထူးသည် အလွန်အမင်း ဒေါသထွက်ခဲ့ပြီး အလုပ်ရှင်ကို “သင်ခန်းစာ” ပြန်ပေးလိုသည့်အတွက် ယင်းကဲ့သို့ ကျူးလွန်ခြင်း ဖြစ်ကြောင်း ထွက်ဆိုသည်။

ထို ဖြစ်စဉ်သည် ၂၀၂၀ ၊ ဇူလိုင် ၆ ရက် မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်နှင့် ၁ နာရီ ခွဲအကြားတွင် အပန်းဖြေလမ်းရှိ မဒမ် အန်း၏ နှစ်ထပ်အိမ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထိုအိမ်တွင် မဒမ် အန်းသည် သူမ၏ အသက် ၇၈ နှစ်အရွယ် သားဖြစ်သူနှင့် အတူနေခြင်း ဖြစ်သည်။

မြန်မာအိမ်အကူ မစန္ဒာထူးသည် အသက် ၃၆ နှစ်ဟု သူမ၏ သက်သေခံ အထောက်အထားစာရွက်များတွင် ဖော်ပြသော်လည်း သူမသည် အမှန်တကယ်တွင် အသက် ၅၁ နှစ် ရှိပြီဖြစ်ကြောင်း၊ အလုပ်အကိုင်ရရေးအတွက် အိမ်အကူ အလုပ်ရှာရေးအေဂျင်စီကို အသက်လိမ်ပြောထားခဲ့ခြင်း ဖြစ်ကြောင်း သူမ၏ ရှေ့နေ ဒန်နီယယ် ကိုဟ်က ပြောသည်။

မစန္ဒာထူးသည် ၂၀၁၉ ဒီဇင်ဘာလက စင်္ကာပူကို ရောက်ရှိခဲ့ပြီး ၂၀၂၀ ဖေဖေါ်ဝါရီလတွင် သူမ၏ ဒုတိယမြောက် အလုပ်ရှင်ဖြစ်သည့် မဒမ် အန်း၏ အိမ်တွင် အလုပ်စဝင်ခဲ့ကြောင်း လက်ထောက်အစိုးရရှေ့နေ ဂရေ့စ် ချူဟာက တရားရုံးချုပ်ကို ပြောသည်။

သူမ၏ အလုပ်တာဝန်များမှာ လမ်းလျှောက်ရန် ခက်ခဲပြီး အကူအညီကို အားပြုနေရသည့် မဒမ် အန်းကို ပြုစုစောင့်ရှောက်ရန် နှင့် အိမ်မှုကိစ္စများ လုပ်ရန် ဖြစ်သည်။

အဆိုပါနှစ်၏ ဇူလိုင် ၆ ရက် မနက် ၈ နာရီခန့်သည် မစန္ဒာထူးသည် မဒမ် အန်းကို ကူညီရန် နောက်ကျသွားခဲ့သည့်အတွက် မဒမ် အန်းက မစန္ဒာထူး၏ မျက်နှာကို တံတွေးဖြင့် ထွေးကာ ‘မကောင်းတဲ့ မြန်မာအိမ်ဖော်’ ဆိုပြီး ရေရွတ် ပြောဆိုခဲ့သည်။

ထိုအချိန်တွင် မစန္ဒာထူးသည် ငြိမ်သက်နေခဲ့ပြီး ကျလာသည့် မျက်ရည်များကို သူမ၏ အင်္ကျီဖြင့် သုတ်ခဲ့သည်။

ယင်းနောက် နာရီများအကြာတွင် သူမ မျက်နှာ တံတွေးထွေးခံရမှုကြောင့် စိတ်ထဲ တနုံ့နုံ့ ဖြစ်နေခဲ့စဉ် မဒမ် အန်းက နေ့လယ်ခင်း တစ်ရေးအိပ်မည် ဖြစ်ကြောင်း သူမကို ပြောခဲ့ကာ ထိုအချိန်တွင် မဒမ် အန်း၏ သားဖြစ်သူကလည်း အိမ်မှ အပြင်ထွက်သွားကြောင်း သိရသည်။

ထိုစဉ် မစန္ဒာထူးသည် မီးဖိုချောင်ထဲမှ ဓား နှစ်ချောင်း ယူလာပြီး မဒမ် အန်းကို ထိုးသတ်ရန် ရည်ရွယ်ချက်ဖြင့် သူမ၏ အိပ်ခန်းထဲ ဝင်သွားခဲ့သည်။

မစန္ဒာထူးသည် ဓား တစ်လက်ဖြင့် မဒမ် အန်း၏ ပါးစပ်ထဲ ထိုးသွင်းခဲ့သလို အခြား ဓား တစ်လက်ဖြင့် လည်ပင်း ဘယ်ဘက်ခြမ်းကို ထိုးစိုက်ခဲ့သည်။

ယင်းနောက် အိမ်အနီးအနားတွင် နေထိုင်သည့် မဒမ် အန်း၏ အခြားသားသမီးများ မသိစေရန် မစန္ဒာထူးသည် အိမ်ခြံစည်းရိုးကို ကျော်တက်ပြီး ထွက်လာခဲ့သည်။

မစန္ဒာထူးသည် လမ်းသွားလမ်းလာတစ်ယောက်ကို အကူအညီတောင်းပြီး သူမအား ရဲစခန်းသို့ အပို့ခိုင်းခဲ့သည်။ ယင်းနောက် အဆိုပါ လမ်းသွားလမ်းလာက Grab တက္ကစီ ခေါ်ပြီး သူမနှင့်အတူ လိုက်ပေးခဲ့သည်။

ရဲစခန်းအရောက်တွင် မစန္ဒာထူးက သူမသည် အိမ်ရှင် သက်ကြီးအမျိုးသမီးကို သတ်မိခဲ့ကြောင်း ရဲများထံ ပြောခဲ့သည်။

အခင်းဖြစ်နေရာတွင် မဒမ် အန်းသည် မလှုပ်တော့ဘဲ သေဆုံးကြောင်း သက်ဆိုင်ရာက အတည်ပြုခဲ့သည်။

မြန်မာအိမ်အကူ မစန္ဒာထူးသည် မူလက လူသတ်မှု စွဲချက်ဖြင့် ရင်ဆိုင်ခဲ့ရသော်လည်း သူမသည် စိတ်ကျဝေဒနာတစ်မျိုး ခံစားနေရသည်ဟု အကဲဖြတ်သုံးသပ်ခံရပြီးနောက် စွဲချက်တွင် ပြစ်ဒဏ် လျှော့ပေါ့ခံရပြီး ထောင်ဒဏ် ၁၆ နှစ် ချမှတ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

(ကိုလူအေး ဘာသာပြန်သည်)

crd

Leave a Reply

Your email address will not be published. Required fields are marked *