တေးသံရှင် ပိုပို နဲ့ ဗျူးတီးဘလော့ဂါဝင်းမင်းသန်းတို့ ပြန်လည်လွတ်မြောက်လာ
စစ်အာဏာသိမ်းပြီးတဲ့နောက် အာဏာသိမ်းဆန့်ကျင်ရေးတွေမှာ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ဖမ်းဆီးတရားစွဲဆိုခံရတဲ့ တေးသံရှင် ပိုပိုနဲ့ အလှအပရေးရာဘလော့ဂါဝင်းမင်းသန်းတို့ ၂ ဦး ဟာ ဒီကနေ့အောက်တိုဘာ၂၈ ရက် ညပိုင်းက ပြန်လည်လွတ်မြောက်လာပြီလို့ နီးစပ်သူတွေကအတည်ပြုပါတယ်။ဒီကနေ့ ညပိုင်းမှာ အကျဉ်းဦးစီးဌာနဝန်ထမ်းအချို့က သူတို့ရဲ့နေအိမ်တွေကိုလိုက်ပါပို့ဆောင်ခဲ့တယ်လို့နီးစပ်သူတွေကပြောပြပါတယ်။
သူတို့ ၂ ဦးဟာအင်းစိန်အကျဥ်းထောင်ထဲမှာ ၁ နှစ်နဲ့ ၆ လခန့် အကျဉ်းကျခံခဲ့ရပြီးတဲ့နောက် အခုလို ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။ ဘာကြောင့်လွှတ်ပေးတယ်ဆိုတဲ့အကြောင်းပြချက်ကိုတော့မသိရဘဲ သူတို့ ၂ ဦးကျန်းမာရေးကောင်းမွန်တယ်လို့ နီးစပ်သူတွေကပြောပါတယ်။
တေးသံရှင် ပိုပိုနဲ့ Social Influencer ဝင်းမင်းသန်းတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလကဖမ်းဆီးခံကြရတာဖြစ်ပြီး ပြီးခဲ့တဲ့ဒီဇင်ဘာလကပုဒ်မ ၅၀၅-က အပါအဝင် နောက်ထပ်ပုဒ်မအချို့နဲ့ ထောင်တွင်းတရားရင်ဆိုင်ခဲ့ကြရတာပါ။
၅၀၅-က ကတော့ စစ်အာဏာသိမ်းပြီး ဖေဖော်ဝါရီလ ၁၄ ရက်မှာ စစ်ကောင်စီက ပြင်ဆင်ခဲ့တဲ့ ရာဇသတ်ကြီးဥပဒေဖြစ်ပါတယ်။ အများပြည်သူ အထိတ်တလန့်ဖြစ်စေအောင်လုပ်မှု၊ မမှန်သတင်းဖြန့်မှု၊ အစိုးရဝန်ထမ်းတွေ ပြစ်ဒဏ်ကျူးလွန်အောင်စည်းရုံးမှု စတာတွေလုပ်ရင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ ပြစ်မှုမြောက်တယ်လို့ ပြောထားပါတယ်။
ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုချက်ရနိုင်ဖို့ အကျဥ်းဦးစီးဌာနကိုဆက်သွယ်နေပါတယ်။
#ဘီဘီစီမြန်မာပိုင်း #ပိုပို #ဝင်းမင်းသန်း #
အင်းစိန်ထောင် #ပုဒ်မ၅၀၅-က #ထောင်ဒဏ်
တေးသံရှင် ပိုပို နဲ့ ဗျူးတီးဘလော့ဂါဝင်းမင်းသန်းတို့ ပြန်လည်လွတ်မြောက်လာ
crd