တတိယနိုင်ငံသွားရန် အခွင့်အရေးရှိထားချိန် ဇနီးဖြစ်သူ Non -CDM ကျောင်း အုပ်က မပူးပေါင်းဘဲ တော်လှန်ရေးတွင် မပါဝင်ရန် ဗိုလ်မှူးမျိုးမင်းထွန်းကို ဖိအားပေး
ရန်ကုန်၊ အောက်တိုဘာ ၇
စစ်ကောင်စီအောက် ပြန် ခိုလှုခဲ့သည့် CDM ဗိုလ်မှူးမျိုးမင်းထွန်းကို ပြည်သူ့သစ္စာဖောက်အဖြစ် CDM တပ်မတော်သားများအဖွဲ့ ၅ ခုက ယနေ့ ကြေညာသည်
CDM စစ်သားများအဖွဲ့ ၅ ခုဖြစ်သည့် ပြည်သူ့ရင်ခွင်၊ ပြည်သူ့ပန်းတိုင်၊ ပြည်သူ့သားကောင်း၊ People’s Soldier Defense Force၊ Breaking Brainwashedက ဗိုလ်မှူးမျိုးမင်းထွန်းသည် CDM ဝင်ချိန်တွင် အစစအရာရာ အဆင်ပြေအောင် ဖန်တီးပေးခဲ့ပြီး တတိယနိုင်ငံသွားရန် အခွင့်အရေးရှိထားခဲ့ကြောင်း၊ သို့ရာတွင် ဇနီးဖြစ်သူ Non -CDM ကျောင်းအုပ်က မပူးပေါင်းဘဲ တော်လှန်ရေးတွင် မပါဝင်ရန် ဗိုလ်မှူးမျိုးမင်းထွန်းကို ကတိတောင်းခဲ့ကြောင်း ထုတ်ပြန်ပြောဆိုသည်
လက်ရှိ အောက်တိုဘာလ ၅ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံမီဒီယာများနှင့် ဝါဒဖြန့်ချန်နယ်များမှ ဖြန့်ချိခဲ့သော စစ်ကောင်စီ လက်အောက်ခံ ပြန်လည် ခိုလှုံသွားသော ဗိုလ်မှူးမျိုးမင်းထွန်း၏ ထွက်ဆိုချက်များသည် တော်လှန်ရေးအပေါ် ယုံကြည်ချက်မရှိမှု၊ စိတ်ဓာတ်ပျော့ညံမှု၊ အခက်အခဲများကို ရင်ဆိုင်ဖြတ်ကျော်လိုစိတ်မရှိမှုနှင့် ၎င်း၏ အသက်အန္တရာယ်သေဆုံးနိုင်မှုဖြစ်ပေါ်ခဲ့သည့် အခြေအနေတို့ကို ဖုန်းကွယ်ပြီး ပကတိအမှန်တရားများကို မျက်ကွယ်ပြုကာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့် CDM ထောက်ပံ့ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများအား ထိုးနှက်တိုက်ခိုက်လိုသည့် ရည်ရွယ်ချက်ဖြင့် အကြမ်းဖက်စစ်ကောင်စီမှ မဟုတ်မမှန်လိမ်လည်ဝါဒဖြန့်ရန် ထွက်ဆိုခြင်းဖြစ်ကြောင်း၊ ဗိုလ်မှူးမျိုးမင်းထွန်းကို CDM တပ်မတော်သားများက ဗိုလ်မှူးမျိုးမင်းထွန်းအား ပြည်သူ့သစ္စာဖောက်အဖြစ် သတ်မှတ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်
ဗိုလ်မှူးမျိုးမင်းထွန်း ဖြစ်စဉ်နှင့်ပက်သတ်၍ အမှန်အတိုင်း သိရှိရန် ပြည်သူနှင့်ပူးပေါင်း ရပ်တည်နေသော မိမိတို့အမာခံအတွင်းလူများ အကူညီဖြင့် ပူးပေါင်းပါဝင်သူအားလုံးတို့ကို စုံစမ်းလျက်ရှိကြောင်း CDM စစ်သားများအဖွဲ့က ဆိုသည်
CDM လုပ်ပြီးမှ စစ်ကောင်စီထံ ပြန်လည် ခိုလှုံသူ ခမရ (၃၅၁) မှ ယာယီတပ်ရင်းမှူး ဗိုလ်မှူးမျိုးမင်းထွန်းသည် အင်အား ၂၀ ဦးကျော်ခန့်သာ ရှိသောစခန်းတစ်ခုကို ဦးစီးရသူဖြစ်ကြောင်း၊ ထိုစခန်းရှိ အရာရှိ/စစ်သည်များ၏ အခြေအနေမှာ အကြမ်းဖက်စစ်ကောင်စီ၏ခေါင်းဆောင်များအနေဖြင့် အောက်လက်ငယ်သားများ၏ အသက်ကို ပဓာနမထားခြင်း၊ လစ်လျူရှူခြင်း၊ အင်အားဖြည့်တင်းပေးမှုမရှိခြင်း၊ မဆုတ်တမ်းခံစစ်ဖြင့် အသေခံတိုက်ပွဲဝင်စေခြင်း နှင့် ထိခိုက်ကျဆုံးမှုများ ဖြစ်ပေါ်ပါက ထိရောက်စွာ အရေးယူသွားရန် ညွှန်ကြားချက်များ ဆက်တိုက်ထွက်ပေါ်ခဲ့ကြောင်း၊ ဗိုလ်မှူးမျိုးမင်းထွန်းသည် အထက်ပါညွှန်ကြားချက်များအပေါ် ကျေနပ်မှုမရှိခြင်း၊ ၄င်း၏ဆွေမျိုးများရှိရာ ဒီပဲယင်းမြို့နယ်အတွင်းရှိကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီမှ မီးရှို့ဖျက်ဆီးမှုများပြုလုပ်နေသည်ကိုသိရှိလာရခြင်း၊ ၄င်းကိုယ်တိုင် ရင်ဆိုင်တိုက်ပွဲများတွင် အသက်သေဆုံးသွားနိုင်ခြင်း၊ အစရှိသည့် စိုးရိမ်စိတ်များ နှင့် စိတ်ဓာတ်ကျဆင်းမှုများဖြစ်ပေါ်လာခဲ့သည့်အတွက် CDM ပြုလုပ်ရန် ဆက်သွယ်လာခဲ့ကြောင်း၊ ထိုသို့ဆက်သွယ်လာချိန်တွင်ပင် မြန်မာနိုင်ငံပြင်ပ လုံခြုံစိတ်ချရသော နေရာသို့ ပို့ဆောင်ပေးရန် တောင်းဆိုချက်များလည်းပါဝင်ခဲ့သဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများသည် ၎င်း၏ သဘောဆန္ဒနှင့်အညီ လုံခြုံစွာ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်
ဗိုလ်မှူးမျိုးမင်းထွန်းသည် ပြည်သူ့ဘက်သို့ ပူးပေါင်းလာချိန်တွင် ပြည်သူအများ၏ ထောက်ခံအားပေးမှုကို ရရှိခဲ့သည့်အပြင် CDMပြုလုပ်သူများအနက် အဆင့်မြင့်သူတစ်ဦးဖြစ်သောကြောင့် အဆင့်နှင့်လျော်ညီစွာ နေထိုင်စားသောက်နိုင်ရေးအတွက် CDM-တပ်မတော်သားများ မှ ဆောင်ရွက်ပေးခဲ့သည့်အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူများမှလည်း အခြားလိုအပ်သော ထောက်ပံ့မှုများစွာကို ဖြည့်ဆည်းပေးခဲ့ကြကြောင်း၊ သို့ရာတွင် ဗိုလ်မှူးမျိုးမင်းထွန်း၏ ဇနီးဖြစ်သူသည် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပညာရေးဌာနမှ Non-CDM ဒုတိယကျောင်းအုပ်ဆရာမဖြစ်ပြီး မိသားစုများအား အကြမ်းဖက်စစ်ကောင်စီလက်အောက်မှ လွတ်မြောက်နိုင်ရေးအတွက် CDM တပ်မတော်သားများ မှ ကြိုးစားဆောင်ရွက်ပေးကြသော်လည်း ၄င်းဇနီးဖြစ်သူမှာ လာရောက်လိုခြင်း မရှိခဲ့ကြောင်း သိရှိရသည်
ဗိုလ်မှူးမျိုးမင်းထွန်း CDM ပြုလုပ်ပြီး ရက်ပိုင်းအတွင်း ၎င်း၏ ဇနီးနှင့် မိသားစုဝင်များကို အကြမ်းဖက်စစ်ကောင်စီမှ ခေါ်ယူစစ်ဆေးမေးမြန်းပြီး ခြိမ်းခြောက်မှုများပြုလုပ်ခဲ့မှုကြောင့် ၄င်းသည် နွေဦးတော်လှန်ရေး၏ မည်သည့်နေရာမှ ပါဝင်ခြင်းမပြုရ ဆိုသည့် ကတိစကားကို ဇနီးဖြစ်သူမှတဆင့် အကြမ်းဖက်စစ်ကောင်စီထံသို့ ပေးခဲ့ရကြောင်း သိရှိရသည်
ဗိုလ်မှူးမျိုးမင်းထွန်းသည် ပြည်သူ့ပန်းတိုင်နှင့်တွေ့ဆုံဖြေကြားရာတွင် မည်သူတစ်ဦးတစ်ယောက်မျှ ဖိအားပေးမှု မရှိဘဲ ၎င်း၏ သဘောဆန္ဒအရ တွေ့ဆုံဖြေကြားချက်များသာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဖိအားပေးပြောဆိုခိုင်းသည့် ညွှန်ကြားမှုများ မရှိခဲ့သည်ကို ဗိုလ်မှူးမျိုးမင်းထွန်း၏ အင်တာဗျူးအား ပြန်လည်ကြည့်ရှုယုံမျှဖြင့် သိရှိနိုင်မည်ဖြစ်ကြောင်း၊ ဗိုလ်မှူးမျိုးမင်းထွန်းသည် တော်လှန်ရေးအပေါ် ယုံကြည်ချက်၊ ခံယူချက်မရှိသည့်အပြင် တော်လှန်ရေးအင်အားစုများအတွက် ၎င်းသိရှိထားသော ပညာရပ်များနှင့် အတွေ့အကြုံများကို တစ်စုံတစ်ရာကိုမှ မျှဝေခြင်း မရှိခဲ့သော်လည်း ပြည်သူ့ဘက်သို့ ပူးပေါင်းလာသည့်အတွက် ၎င်း၏ ဘဝလုံခြုံရေးနှင့် လိုအပ်ချက်များအားလုံးကို တတိယနိုင်ငံရောက် CDM တပ်မတော်သားများ၊ ပြည်ပရောက်ပြည်သူများ ပူးပေါင်းဆောင်ရွက်ပေးမှုကြောင့် မကြာမီကာလ အတွင်း တတိယနိုင်ငံသို့ သွားရောက်ရတော့မည့် အခွင့်အရေးကိုလည်း ရရှိထားသူ တစ်ဦးဖြစ်ကြောင်း CDM တပ်မတော်သားများ၏ ထုတ်ပြန်ချက်တွင် ရှင်းပြထားသည်
CDM တပ်မတော်သားများသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့် ပူးပေါင်း၍ တော်လှန်ရေးအောင်မြင်ရေးလမ်းစတစ်ခုဖြစ်သော CDM ကြိုဆိုလက်ခံရေး နှင့် ထောက်ပံ့ရေးလုပ်ငန်းများကို ပြည်သူများ၏ ပံ့ပိုးကူညီမှုများဖြင့် ပိုမိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ဗိုလ်မှူးမျိုးမင်းထွန်း၏ ဖြစ်စဉ်ကို သင်ခန်းစာရယူကာ တော်လှန်ရေးခံယူချက်၊ ယုံကြည်ချက်မရှိသူများ CDM တွင် မပါဝင်လာနိုင်ရေး စနစ်တကျ စိစစ်ဆောင်ရွက်မည်ဖြစ်ပြီး တော်လှန်ရေးအောင်မြင်နိုင်မှုအတွက် CDM တပ်မတော်သားစစ်စစ်များအနေဖြင့် ပိုမိုကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူလူထုထံ အသိပေးကြောင်း ထုတ်ပြန်ထားသည
ဓာတ်ပုံ- ဗိုလ်မှူးမျိုးမင်းထွန်းနှင့်ဇနီး။
crd