ကျောင်းဆရာနဲ့ ငါးရံ့ခြောက်ပုံပြင်
မနက်က ကိုရင်ကြီးနဲ့ကျောင်းသားက ကွမ်းခြံကုန်းမှ ဦးဇင်းရဲ့ရဟန်းဒါယိကာမကြီးဒေါ်ကျင်သန်းထည့်ပေးလိုက်သည့်ငါးရံ့ခြောက်ကို မီးဖုတ် ဆီဆမ်းကာဆက်ကပ်ကြပါတယ်။
ဘုန်းပေးမယ်ဆိုပြီးငါးရံ့ခြောက်ပန်းကန်ကိုကြည့်လိုက်တော့ ပုရွက်ဆိတ်တွေက အများကြီးပါပဲ။ဒါနဲ့ပုရွက်ဆိတ်တွေကို လက်နဲ့ဖယ်ထုတ်ရင်းစဉ်းစားပါတယ်။တို့ရဲ့ငယ်ဆရာဘုန်းကြီးကိုသာ ဒါမျိုးကပ်ရင် ကိုရင်ကြီးနဲ့ကျောင်းသား အရိုက်ခံရမှာလို့ တွေးမိပါတယ်။
တွေးနေရင်းနဲ့ ခေါင်းထဲဘာပေါ်လာသလဲဆိုတော့ငယ်ငယ်ကဖတ်ခဲ့သောကြောက်စိတ် စာအုပ်ထဲမှာပါတဲ့ မင်းတုန်းမင်းကြီးငယ်ငယ်ကဘုန်းကြီးကနေပြီးတော့ ငါးရံခြောက်သိမ်းခိုင်းထားတာပျောက်သွားလို့ ဘုန်းကြီးက မင်းဒီငါးခြောက်ပြားလေးတောင်မထိမ်းနိုင်ရင်တိုင်းပြည်ကြီးကို ဘယ်ထိမ်းသိမ်းမလဲဆိုပြီးပြောလဲပြောရိုက်လည်းရိုက်ပါတယ်။
ဒီအကြောင်းအရာကိုပဲဆရာလုပ်သူက သူ့ရဲ့ကျောင်းသားတွေကိုစာစီစာကုံး ရေးခိုင်းပါတယ်။ကျောင်းသားအများအစုကတော့ဆရာ့အာဘော်အတိုင်း ကောင်းပါသည် မှန်ပါ သည် ဟုတ်ပါသည် ဒီလိုဆိုဆုံးမခဲ့လို့မင်းတုန်းမင်းကြီး ဆိုတဲ့ မင်းကောင်းတစ်ပါးပေါ်ပေါက်ခဲ့ကြောင်းရေးကြပါတယ်။
ဆရာကလည်းဒီအတိုင်းသင်ခဲ့တာဆိုတော့ ဒီလိုပဲရေးကြရပါတယ်။အဲဒီအထဲမှာ စာအရမ်းဖတ်တဲ့ တွေးခေါ်မြော်မြင် စဉ်းစားနိုင်စွမ်းရှိတဲ့ ကျောင်းသားတစ်ယောက်ကတော့အများသူငါ ရေးကြသလိုမဟုတ်ပဲမင်းတုန်းမင်းကြီးကို ရိုက်နက်ဆုံးမခဲ့သောဘုန်းကြီးမှားပါသည်။ဘာ့ကြောင့်လည်းဆိုရင် ဘုန်းကြီးသည် သူစားချင်သော ငါးရံ့ခြောက်ကြီးပျောက်သွားလို့ငါးရံ့ခြောက်ကြီးနဲ့ ဘုန်းပေးလိုက်မယ်ဟဲ့လို့ မှန်းထားသည့်ငါးခြောက်ပေါ်မှာ အစွဲအလမ်းကြီးတဲ့ ရသတဏှာကြောင့် မိမိဒေါသကိုမထိမ်းနိုင်သည့်အတွက်မင်းတုန်းမင်းကြီး ဖြစ်လာမည့်ကျောင်းသားလေးကိုအပြင်း အထန်ရိုက်ခြင်းဖြစ်ပါတယ်။
တကယ်ဆို ဘုန်းကြီးသည် ငါးရံ့ခြောက်ကိုဘယ်လိုသိမ်းရင် ဘယ်နေရာမှာ သိမ်းရင်လုံခြုံမှုရှိတယ်ဆိုတာကို သေချာသင်ပြပေးထားရမှာဖြစ်ပါတယ်။ဒီလိုကလေးဘဝအရွယ်ဆိုတာ သူ့ဉာဏ်မှီသလောက်သူစဉ်းစားပြီးသိမ်းမှာဖြစ်တယ်။ ဒီအရွယ်တွေ မှာဆိုတာ ဒီလိုဖြစ်တတ်တဲ့ကလေးဘဝ သဘာဝကိုနားလည်ပေးရမှာဖြစ်ပါတယ်၊
ဒီလိုသေချာ ဘာမှသင်ပြနိုင်ခဲ့ခြင်းမရှိလို့မင်းတုန်းမင်းကြီး လက်ထက်မှာ အောက်ဗမာပြည်တစ်ခုလုံး အင်္ဂလိပ်လက်အောက်ကျရောက်နေရခြင်းနှင့် မင်းညီမင်းသားတွေအချင်းချင်း မသင့်မမြတ်ဖြစ်ကာ သတ်ဖြတ်နေကြခြင်း နေရာအာဏာပါဝါလုနေကြခြင်း စည်းလုံးညီညွတ်မှုမရှိကြခြင်း အကြောင်းတွေကြောင့် တိုင်းရေးပြည်ရာမကောင်းရခြင်း အကြောင်းတွေကိုကျောင်းသားက သုံးသပ်တင်ပြထားပါတယ်။
ကျောင်းသားရေးတဲ့စာကို ဆရာက ကျောင်းသားတွေကိုဖတ်ပြခိုင်းလို့နားထောင်ရတဲ့ကျောင်းသားတွေကသဘောကျကြပါတယ်။ငါတို့လည်းဒီလိုရေးတတ်ချင်တာ ဒီလိုရေးရဲချင်တာလို့ဖြစ်နေကြပါတယ်။ကျောင်းသားတွေအားလုံးသဘောကျပေမဲ့သဘောမကျတာကတော့ကျောင်းဆရာပါ။ဘာလို့လည်းဆိုတော့သူကအရိုက်ကြမ်းပါတယ်။သူကျောင်းသားတွေရိုက်ပြီးတိုင်း သူရိုက်ရတာမှန်ကန်ကြောင်းကို မင်းတုန်းမင်းကြီးရဲ့ဆရာဘုန်းကြီးနဲ့ သက်သေထူနေကျပါ။
သူရေးစေချင်တာက ဒီလိုရိုက်ဆုံးမရတာဟာမှန်ကန်ကြောင်းသို့သော်လည်း ကျောင်းသားက ဒီလိုရိုက်ပြီးဆုံးမခဲ့လို့တိုင်းပြည်ညံ့သွားရကြောင်း ရေးလိုက်တော့ဆရာဟာ အကြီးအကျယ်ပေါက်ကွဲပါတော့တယ်။အဲဒီတော့ ဆရာဟာ ကျောင်းသားတွေကိုတစ်ယောက်ခြင်းဆီ မေးပါတယ်။ဒီကျောင်းသားဒီလိုရေးတာ မှားတယ်မို့လားလို့ကြိမ်လုံးကိုင်ပြီးမေးပါတယ်။
ကျောင်းသားရေးတာ မှန်ပါတယ်လို့ ဖြေချင်ကြသော်လည်းဆရာရဲ့ နိမိတ်ပြမေးခွန်းနဲ့ ကြိမ်လုံးကိုကြောက်သည့်အတွက် မှားပါတယ်လို့ တုန်တုန်ရီရီဖြင့်သူငယ်ချင်းရဲ့မျက်နှာကိုမကြည့်ရဲပဲ စိတ်မကောင်းစွာနဲ့ဖြေကြရပါတယ်။နောက်ဆုံးထောက်ပြ ဝေဖန်ပြတဲ့ကျောင်းသားကိုမေးပါတယ်။မင်းရေးတာမှားတယ်မို့လားတဲ့..ကျောင်း သားက ကျွန်တော်မမှားဘူးဆရာကရေးပါဆိုလို့ ကျနော်အမြင် ကျနော်တင်ပြတာဆရာကြိုက်သလိုဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့ပြောပါတယ်။
အဲဒီလိုပြောပြီးချိန်မှာတော့ ဆရာဟာအကြီးအကျယ်ပေါက်ကွဲကာ သူကိုင်ထားသောကြိမ်လုံးဖြင့်ကျောင်းသားကို အချက်ပေါင်းမြောက်များစွာ ရိုက်ပါတယ်။ကျောင်းသားကလည်း သူ့ရေးသားချက်ပေါ်မှာယုံကြည်ချက်အပြည့်အဝရှိနေတာမိုတချက်လေးမှတွန့်မသွားခဲ့ပါဘူး။ဆရာတချက်ရိုက်တိုင်း နှလုံးသားမှာ နာကျင်သွားရတာကတော့ကျောင်းသားတွေဖြစ်ပါတယ်။
တို့သူငယ်ချင်း အနိုင်ကျင့်ခံရတယ် တို့သူ ငယ်ချင်းဘက်မှာ ရပ်တည်ပေးသင့်လျက်မရပ်တည်ပေးရဲတဲ့ကြောက်စိတ်တွေကို မကျေမနပ်ဖြစ်နေကြပါတော့တယ်။နောက်တစ်နေ့အဲဒီကျောင်းသား ဒီကျောင်းတော်ကြီးသို့မလာတော့ပါဘူး။
အခြားတစ်ကျောင်းသို့ ကျောင်းပြောင်းသွားပါတော့တယ်။အဲဒီငယ်ငယ်ကဖတ်ခဲ့ရတာလေးဟာရင်ထဲမှာစွဲကျန်ရစ်ခဲ့ရတာမို့တိုက်ဆိုင်မှုတွေရှိတိုင်း အမှတ်ရနေတဲ့ဆောင်းပါးလေးဖြစ်လေတော့မနက်က အဲဒီအကြောင်း အရာလေးတွေခေါင်းထဲပြန်ပေါ်လာပါတယ်။စာပေဖတ်ခြင်းရဲ့အကျိုးကျေးဇူးကြောင့်ကျောင်းသားတွေ တပည့်တွေကိုရိုက်ခြင်း မာန်မဲခြိမ်းဟောက်ခြင်းတွေကို လုပ်လေ့မရှိပါဘူး။အကြောင်းမှန်ကိုစဉ်းစားတယ်စဉ်းစားကြည့်တော့ မနက်ကမှ သူတို့မီးဖုတ်ဆီဆမ်းပြီးလာကပ်တာသူတို့ယူလာစဉ်ကပုရွက်ဆိတ်တွေ လုံးဝပါလာမှာမဟုတ်ပါဘူး။
ဒါဖြင့်ရင် ဘယ်ကရောက်လာတာလဲမနက်က ဦးဇင်းကဘုရားရှိခိုးပြီးတ ရား ထိုင်နေတယ် သူတို့ကဆွမ်းကပ်ဖို့စောင့်နေကြတယ်။အဲဒီစောင့်နေတဲ့အချိန်မှာ ပုရွက်ဆိတ်တွေကရောက်လာကြတာဖြစ်တယ်။အဲဒီအဖြေမှန်လေး ရှာဖွေတွေ့သွားတော့အရာအားလုံးဟာ အဖြမှန်ကိုရအောင်ရှာရင်အဖြေမှန်ကိုတွေ့ပြီး ငြိမ်းချမ်းတာပါပဲ။
အဖြေမှန်ကိုလိုချင်ရင်ဒေါသတွေ အမုန်းတရားတွေမကျေနပ်မှူတွေကို ဖယ်ပြီးကြည့်နိုင်ရင်တွေ့ရပါတယ်။မေတ္တာကိုအခြေခံ၍ အဖြေမှန်တွေ့အောင်ရှာကာဆရာနှင့်တပည့် မိဘနှင့်သားသမီးအထက်လူကြီးနှင့် အောက်လက်ငယ်သားအစိုးရနှင့်ပြည်သူ အတူတကွလက်တွဲလို့ငြိမ်းချမ်းသော အေး ချမ်းသော ဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီးဖြစ်အောင်တည်ဆောက်နိုင်ကြပါစေ..။
Credit _ မူရင်း