သရုပ်ဆောင်သင်ဇာဝင့်ကျော်ကို ရုံးထုတ်စစ်ဆေး




မော်ဒယ် နန်းမွေစံ ရှေ့နေခေါ် ခွင့်မရ
ပြီးခဲ့တဲ့ သြဂုတ်လတုန်းက စစ်ကောင်စီကဖမ်းဆီးသွားတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ကိုဖမ်းဆီးသွားပြီးတစ်လကျော်အကြာ စက်တင်ဘာ ၁၄ ရက်နေ့မှာ မရမ်းကုန်းမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကသိရပါတယ်။




သရုပ်ဆောင်သင်ဇာဝင့်ကျော်နဲ့ မော်ဒယ်နန်းမွေစံတို့ကိုတော့
ကာယိန္ဒြေပျက်ပြားစေတဲ့ အဖော်အချွတ်ဓာတ်ပုံတွေနဲ့ ဗွီဒီယိုတွေကို လူမှုကွန်ရက်မှာ အခကြေး ငွေရယူကာ ဖြန့်ဝေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက အီလက်ထရောနစ်ပုဒ်မ ၃၃(က) နဲ့ တရားစွဲဆိုထားတာပါ။




သရုပ်ဆောင်သင်ဇာဝင့်ကျော်ကို ရုံးထုတ်တဲ့အခြေအနေနဲ့ပတ်သက်ပြီး မိသားစုဝင်တွေကိုဘီဘီစီကဆက်သွယ်မေးကြည့်ရမှာတော့ ဖြေကြားဖို့ငြင်းဆန်ခဲ့ပါတယ်။
သရုပ်ဆောင်သင်ဇာဝင့်ကျော်နဲ့ အတူတစ်ရက်တည်း ဖမ်းဆီးခံလိုက်ရတဲ့ မော်ဒယ်နန်းမွေစံကတော့ စစ်အုပ်ချုပ်ရေးနယ်မြေဖြစ်တဲ့ မြောက်ဒဂုံမြို့နယ်အတွင်းမှာဖမ်းဆီးခံလိုက်ရတာဖြစ်တာကြောင့် ရှေ့နေခေါ် ခွင့်မရသလို ရုံးထုတ်စစ်ဆေးတဲ့ အခြေအနေကိုမသိရဘူးလို့မိသားစုနဲ့ နီးစပ်သူတွေကပြောပါတယ်။




‘’ဖမ်းသွားတာ နှစ်လနီးပါးရှိပြီ၊ အင်းစိန်ထောင်ထဲရောက်တာလည်း တစ်လကျော်နေပါပြီ။ရှေ့နေခေါ်ခွင့်မရတော့ အခြေအနေတွေသေချာမသိရဘူး’’ လို့ မော်ဒယ်နန်းမွေစံရဲ့မိသားစုနဲ့ နီးစပ်သူက ဘီဘီစီကိုပြောပါတယ်။
တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရတဲ့အခြေအနေအရလာမယ့် တစ်ပတ်အတွင်းမှာ သရုပ်ဆောင်နန်းမွေစံကိုလည်းရုံးထုတ်ဖို့ရှိနေပြီးအင်းစိန်ထောင်တွင်းရုံးထုတ်မှာလား မြောက်ဒဂုံတရားရုံးမှာရုံးထုတ်စစ်ဆေးမလားကိုတော့မသိရသေးဘူးလို့ဆိုပါတယ်။
သရုပ်ဆောင်သင်ဇာဝင့်ကျော်နဲ့ မော်ဒယ်နန်းမွေစံကိုကို စွပ်စွဲထားတဲ့ အီလက်ထရောနစ်ဥပဒေပုဒ်မ ၃၃ (က) ကတော့ ပြစ်မှုထင်ရှားရင်ထောင်ဒဏ် (၇) နှစ်ထိချခံနိုင်တဲ့ ပုဒ်မတွေဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေတွေကပြောပါတယ်။
crd