မိုးကြိုးပစ်ခံရ​သော​ကြောင့် ဆိုင်ကယ်အ​ရောင်းဆိုင် မီး​လောင်ကာ ဆိုင်ဝန်ထမ်းမိန်းကလေးနှစ်ဦး…

မိုးကြိုးပစ်ခံရ​သော​ကြောင့် ဆိုင်ကယ်အ​ရောင်းဆိုင် မီး​လောင်ကာ ဆိုင်ဝန်ထမ်းမိန်းကလေးနှစ်ဦးသေဆုံး

မိုးကောင်း – ဩဂုတ် ၂၇၊ ၂၀၂၂။

မိုးကြိုးပစ်ခံရသောကြောင့် ​ဆိုင်တစ်ဆိုင် မီးလောင်မှုဖြစ်ပွားရာမှ အမျိူးသမီးနှစ်ဦး သေဆုံးခဲ့သည့်ဖြစ်စဉ် ယမန်နေ့ည ၁၀နာရီခန့်က မိုးကောင်းမြို့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက်၊ ဖိုးချစ်ကုန်းအပိုင်းရှိ ငွေချမ်းမြေ့ဆိုင်ကယ်ရောင်းဝယ်ရေးဆိုင် မီးလောင်ကျွမ်းမှုကြောင့်​ဆိုင်ဝန်ထမ်းအမျိူးသမီးနှစ်ဦး မီးထဲပိတ်မိပြီး အသက်ဆုံးရှုံးခဲ့ရကြောင်း ​ဒေသခံသတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“အပေါ်ထပ်မှာ အိပ်တဲ့ကောင်မလေးတွေပါသွားတယ်။ သူကအောက်ဆင်းဖို့ဟာ လှေကားက မီးလောင်နေတယ်။ ပြတင်းပေါက်တွေကလည်း သံတိုင်တွေနဲ့ဆို‌တော့ ဆင်းမရဖြစ်သွားတယ်ထင်တယ်” ဟုပြောသည်။

​သေဆုံးသွား​သော အမျိုးသမီးနှစ်ဦးမှာ အသက် ၂၃နှစ်အရွယ် မဝေမာအောင်နှင့် ၂၁နှစ်အရွယ် မအိအိသက်တို့ဖြစ်ပြီး နမ္မတီးမြို့နှင့် ဆားမှော်ကျေးရွာမှ အလုပ်လာရောက်လုပ်ကိုင်သူ နှစ်ဦးဖြစ်​ကြောင်းသူက​ပြောသည်။

ကျယ်​လောင်​သော မိုးကြိုးပစ်သံ ထွက်​ပေါ်လာပြီး​နောက် ဆိုင်ကယ်ဆိုင် ​အောက်ထပ်မှ စတင်​လောင်ကျွမ်းခဲ့ခြင်းဖြစ်​ကြောင်း မိုးကောင်းဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောသည်။

“မိုးကြိုးပစ်တဲ့အသံအကျယ်ကြီးကြားလိုက်ရတာ ။အဲ့မှာ ငွေချမ်းမြေ့ ဆိုင်ကယ်အရောင်းဆိုင် အောက်ထပ်ကနေ လျှပ်စီးဝင်ပြီး shock ဖြစ်တယ်ထင်တယ် ညော်နံ့တွေအရမ်းရလာပြီး အောက်ထပ်ဆိုင်ကယ်ထားတဲ့နေရာက စပေါက်ကွဲ ပြီးလောင်တော့တာပဲ “ ဟုပြောသည်။

မီး​​လောင်ကျွမ်းမှု​ကြောင့် ဆိုင်အတွင်းရှိ ဆိုင်ကယ်များနှင့် စက်ပစ္စည်းများအားလုံး မီးလောင်ကျွမ်းသွားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့ကလည်း မိုးကောင်းဒေသ နမ္မတီးမြို့အနီး လယ်ကွင်းတစ်နေရာအား မိုးကြိုးပစ်ရာ လယ်တဲအတွင်းရှိ နွား ၂၄ကောင် သေဆုံးခဲ့သည်။Crd.

Photo – CJ credit

Leave a Reply

Your email address will not be published. Required fields are marked *